အိမ်ခြံမြေအကျိုးဆောင်များ လိုင်စင်အသိအမှတ်ပြုလက်မှတ် လုပ်ဆောင်ထားရန်လိုအပ်

၂၀၂၃ စက်တင်ဘာ ၁၃

အိမ်ခြံမြေ အကျိုးဆောင်များအတွက် အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးလျက်ရှိရာ အကျိုးဆောင် များအနေဖြင့် အဆိုပါ လိုင်စင်လက်မှတ်များအား လုပ်ဆောင်ထားရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှုအသင်း(ဗဟို) ဥက္ကဌ ဒေါ်မို့မို့အောင် ကပြောဆိုသည်။ စက်တင်ဘာ ၁၂ ရက် နံနက်၁၀နာရီက ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်ဗိုလ်ချုပ်လမ်းရှိ Diamond Hall Asia Piaza ဟိုတယ်တွင် ကျင်းပသည့် မြန်မာနိုင်ငံအိမ်ခြံ မြေဝန်ဆောင်မှုအသင်း(ဗဟို) နှစ်ပတ်လည် အထွေထွေအစည်းအဝေး(AGM) နှင့် အသင်းသားစုံညီ အစည်းအဝေးတွင် ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို) ဥက္ကဌ ဒေါ်မို့မို့အောင်က “အိမ်ခြံမြေလိုင်စင်လုပ်တယ်ဆိုတာတော့ ဒီအတိုင်းတော့လုပ်လို့မရဘူး။ အသင်းဝင်ဖြစ်ရမယ်။ ရပ်ကွက် ထောက်ခံစာ၊ရဲစခန်းထောက်ခံစာယူရမယ်။ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးနဲ့ စပ်လျဉ်းတဲ့ သင်တန်းဆင်း လက်မှတ်ရှိရမယ်။ စမတ်ကတ်လည်းရှိရမယ်။ အဲဒါကို မြို့နယ်ကို တင်ပြီးတော့ မြို့နယ်က ခရိုင်၊ခရိုင် ကနေ တိုင်းပေါ့ ။

တိုင်းကနေ နေပြည်တော်ထိ တက်ပြီး စိစစ်ပြီးတော့မှ ပြန်ကျလာမှာ ဖြစ်ပါတယ်။ အဲဒီအတွက်လည်း နောင်ကျလို့ရှိရင်တော့ ဥပဒေတစ်ရပ်ပေါ်လာပါလိမ့်မယ်။ အခုလောလောဆယ်တော့ ဥပဒေတစ်ရပ် မရှိသေးပါဘူး။ နိုင်ငံတော်ကအနေနဲ့ကလည်း စည်းစနစ်ကျအောင် အိမ်ခြံမြေအကျိုး ဆောင်အသိအမှတ်ပြု လက်မှတ်တွေ ထုတ်ပေးတာဖြစ်ပါတယ်။ ထုတ်ပေးနေတာဖြစ်တဲ့အတွက် အကျိုးဆောင်တွေကို မှာချင်တာကတော့ ပေးနေတဲ့အချိန်မှာ အလုပ်လုပ်တဲ့အပေါ်မှ ာမူတည်ပြီးတော့ ယူပါလို့ပြောချင်ပါတယ်၊၊ မယူခင်မှာလည်း သေချာစဉ်းစားပါ။

တကယ့် ပရော်ရှင်နယ်လုပ်တဲ့ဟာမျိုးဖြစ်စေချင် ပါတယ်။ လိုင်စင်မရှိဘူးဆိုရင်တော့ နောင်တစ်ချိန်မှာ ဥပဒေတစ်ရပ်ပေါ်လာရင် အခက်အခဲတွေ့ နိုင်ပါတယ် ”ဟု ပြောသည်။ အဆိုပါ အခမ်းအနားတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနညွှန်ကြားရေးမှုချုပ် ဦးစိုးမြင့်က နှုတ်ခွန်းဆက်စကားပြောကြားပြီး မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို) ဥက္ကဌ ဒေါ်မို့မို့အောင်က အမှာစကားပြောကြားခဲ့ကာအသင်း (ဗဟို) အထွေထွေအတွင်းရေးမှုးချုပ် ဦးမောင်အေးက အသင်း၏ လုပ်ဆောင်ချက်များ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

Total Views ~ 194

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

44776

© 2022 - 2025 News. All Rights Reserved.