NCA လက်မှတ်ရေးထိုးထားသည့် EAOs များကို ဦးတည်၍ လမ်းကြောင်းတစ်ခုပုံဖော်ကာ တိုင်းပြည်တည်ဆောက်ရန် အခွင့်အခါရောက်နေပြီဟု စောမြရာဇာလင်းပြော

နေပြည်တော်၊ စက်တင်ဘာ ၂၄
    NCA လက်မှတ်ရေးထိုးထားသည့် EAOs များကိုဦးတည်၍ လမ်းကြောင်းတစ်ခု ပုံဖော်ကာ ပြည်ထောင်စုတည်ဆောက်ရန် အခွင့်အခါရောက်ရှိနေပြီဖြစ်ကြောင်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဥက္ကဋ္ဌ စောမြရာဇာလင်းက ပြောသည်။ 
    "တိုင်းပြည် တည်ဆောက်ဖို့အတွက် အခွင့်အခါ ရောက်နေပြီလို့ပဲ ပြောချင်တယ်။ လွှတ်တော် ပြင်ပလမ်းကြောင်းကတော့ EAOs တွေဆိုရင် ရွေးကောက်ပွဲထဲမှာ မရှိဘူး။ EAOs တွေအတွက် လမ်းကြောင်းတစ်ခုကို ဘယ်လိုပုံဖော်နိုင်မလဲဆိုတဲ့ ဆွေးနွေးမှုတော့ ဖြစ်ပေါ်လာသင့်တယ်။ တိုင်း ပြည်တည်ဆောက်ဖို့ အခွင့်အခါဟာဆိုရင် ငြိမ်းချမ်းရေးကို စတင်လာတာက ၂၀၁၁ ဖြစ်တယ်။ အဲဒါကြောင့် တိုင်းပြည်တည်ဆောက်ရေးကို ဆွေးနွေးတဲ့ ဆွေးနွေးပွဲမျိုး ဖြစ်သင့်တယ်။ ဆွေးနွေးဖို့ ပြင်ဆင်ထားတာတွေတော့ ရှိပါတယ်။ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းတွေကို ဦးတည်ပြီးတော့ လမ်းကြောင်းတစ်ခု ပုံဖော်သင့်တယ်။ ဒါကိုအကြောင်းပြုပြီးတော့မှ တခြားသော လက် နက်ကိုင်အဖွဲ့အစည်းတွေလည်း စကားဝိုင်းကို ကောင်းစွာ ရောက်လာနိုင်တယ်။  ပြည်ထောင်စုတည်ဆောက်ရေးကို အမြန်ဆုံး အကောင်အ ထည်ဖော်သင့်တယ်"ဟု ၎င်းက ပြောသည်။ 
    တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) သည် ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ တစ်ခုတည်းသော စာချုပ်ဖြစ်သလို ဒီမိုကရေစီနှင့် ဖက် ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်နိုင်ရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ကို နိုင်ငံရေးဆွေးနွေး ပွဲရလဒ်များ နှင့်အညီ ပြင်ဆင်ဖြည့်စွက်သွား နိုင်ရေးတို့အတွက် လွှတ်တော်ပြင်ပတွင် ဆောင်ရွက်နိုင်သည့် လမ်းကြောင်းတစ်ခုဟုလည်း ဆိုနိုင်ကြောင်း NCA (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောကြားထားသည်။ 
    NCA (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပရေးဦးစီးကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို စက်တင်ဘာ ၁၉ ရက်က နေပြည်တော် မင်္ဂလာသီရိဟိုတယ် Grand Ball Room ခန်းမ၌ ပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့သည်။ NCA (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားကို ၁၀ နှစ်တာ ကာလအတွင်း အကောင်အထည်ဖော်နိုင်မှုများ၊ အောင်မြင်မှုများနှင့် သင်ခန်းစာများကို ဆန်းစစ်သုံးသပ်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှ ရရှိခဲ့သည့် အတွေ့အကြုံများနှင့် အမြင်များကိုမျှဝေနိုင်ရန်၊ အဓိက သက်ဆိုင်ရာအဖွဲ့အစည်း Stakeholders များအကြား ပါဝင်သင့်ပါဝင်ထိုက်သူ အားလုံးပါဝင်သည့် ဆွေးနွေးမှုများကို တိုးမြှင့်ရန် ရည်ရွယ်၍လည်းကောင်း၊ NCA ၏ ပကတိအနှစ်သာရနှင့် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်ကို ပြည်သူလူထုသဘော ပေါက်သိရှိနားလည်ရန် ရည်ရွယ်၍လည်းကောင်း ကျင်းပရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
    လာမည့် အောက်တိုဘာ ၁၅ ရက်တွင် NCA (၁၀) နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနားကို နေပြည်တော်တွင် ပြုလုပ်သွားမည်ဖြစ်ပြီး ၁၀ နှစ်တာကာလအတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည် ဖော်မှုများ၊ အောင်မြင်မှုများနှင့် သင်ခန်းစာများအပေါ် အချင်းချင်း အမြင်သဘောထားများ၊ အတွေ့အကြုံ များ မျှဝေဖလှယ်ပြီး အလွတ်သဘော ကျယ်ပြန့်စွာ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။ ကွန်းဈာန်

Total Views ~ 35

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

53571

© 2022 - 2025 News. All Rights Reserved.