၂၀၂၄ ဖေဖော်ဝါရီ ၉
ဒီနိုင်ငံသည် မဖြစ်မနေ လုပ်ရမှာကတော့ ဖက်ဒရယ်ကို ရှောင်လို့မရဘူး။ ဖက်ဒရယ်ကို ရဲရဲတင်းတင်းလုပ်မှ လက်နက်ကိုင်ပဋိပက္ခကို ထိန်းနိုင်မှာ။ ဖက်ဒရယ်ကို နိုင်ငံရေးနည်းလမ်းနဲ့လုပ်တာ၊ ဆွေးနွေးတာ အောင်မြင်တယ်လို့ ပြနိုင်မှ နိုင်ငံရေးအပေါ် ယုံကြည် လာမှာ……….
''ငြိမ်းချမ်းရေးဆိုတာ တပ်မတော်မပါဘဲနဲ့ မရဘူး။ အဲဒါကို အရှိအတိုင်းလက်ခံဖို့လိုတယ်"
လက်ရှိ မြန်မာ့နိုင်ငံရေးအခင်းအကျင်း အခြေအနေအပေါ် အမြင်သဘောထား၊ သုံးသပ်ချက်များ အပါအဝင် နိုင်ငံရေးခံယူချက်၊ ယုံကြည်ချက်များနှင့်ပတ်သက်၍ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးနှင့် တွေ့ဆုံမေးမြန်းထားပါသည်။
ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးနှင့် တွေ့ဆုံမေးမြန်းခြင်း...
TREND ။ ။ အခက်အခဲတွေကြားက ပါတီရုံးခန်း ဖွင့်တယ်လို့သိရတယ်။ ပါတီမှတ်ပုံတင်ကျသည်အထိ ဘယ်လိုမျိုးစိန်ခေါ်မှုတွေ၊ အကျပ်အတည်းတွေ ရင်ဆိုင်ခဲ့ရလဲ။
UKKG ။ ။ ပြောရရင်တော့ အခု ကျွန်တော် တို့ ရင်ဆိုင်ရတာက လွန်ခဲ့တဲ့ နှစ် ၃၀၊ ၃၇နှစ် တစ်လျှောက်လုံး။ ဟိုတုန်းက ကျွန်တော်တို့က နိုင်ငံရေးလုပ်ရင် ထောင်ကျတဲ့အန္တရာယ်ဗျ။ အခုက ထောင်ကျတဲ့ ကိစ္စက ကျွန်တော်တို့အတွက် မထူးဆန်းဘူး။ နိုင်ငံရေးသမားက အများအားဖြင့် လူထုထောက်ခံမှုက အရေးကြီးတယ်။ အခုကကျတော့ ဆိုရှယ်မီဒီယာခေတ်မှာ ပြည်တွင်းမှာ နိုင်ငံရေး ပါတီလုပ်ရင်ပဲ ဒလန်၊ သူလျှိုဆိုတာမျိုး ပုံဖျက်တာခံရတဲ့ အခါကျတော့ အဲဒီအခြေအနေကို ဆန်တက်ရတာက ထောင်ကျတာထက် ပိုပြီးပင်ပန်းတယ်။ အဓိကတော့ စိတ်ပိုင်းဆိုင်ရာ ရင်ဆိုင်ရတယ်။ နောက်တစ်ခုကတော့ လူတွေကြားမှာ နိုင်ငံရေး ယုံကြည်မှုကျသွားတယ်။ ပျက်သွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရေးနည်းလမ်းက မဖြစ်နိုင်တော့ဘူးလို့ ဖြစ်တဲ့အခါကျတော့ ကျွန်တော်တို့က ပါတီစည်းရုံးရေးတွေ လုပ်တဲ့အခါမှာ အရင်ကရှိပြီးသား ပါတီဝင်တွေထဲကတောင် နုတ်ထွက်တာတွေ၊ ဘာတွေ ဖြစ်ကုန်တော့ အခုတစ်ခါ သုံးနှစ်လောက်ကြာတဲ့ အခါကျမှ နိုင်ငံရေးနည်းလမ်းကို နည်းနည်းလေး ပြန်ပြီးတော့ စိတ်လည်လာတယ်။ အဲဒီလိုအခြေအနေမျိုးမှာ စည်းရုံးရေးလုပ်ရတာ အခက်အခဲတွေရှိတယ်။ ပြည်သူတွေကြားထဲမှာ အကြောက်တရားက တော်တော်ကြီးစိုးနေတယ်။ နိုင်ငံရေးအပေါ် မှာလည်း ယုံကြည်မှုကျတယ်လို့ထင်တယ်။ ဒီကြားထဲမှာ လုပ်ရတာတော့ တော်တော် အခက်အခဲကြီးတယ်။ နောက်တစ်ခုကတော့ ဘဏ္ဍာရေး အခြေအနေပေါ့။ ကျွန်တော်တို့က လုပ်ကတည်းက ဘာမှစီးပွားရှာခဲ့တာ မဟုတ်ဘူး။ လှူတာတန်းတာ စိတ်တူကိုယ်တူ ရဲဘော်တွေရဲ့ ထည့်ဝင်ငွေနဲ့ လုပ်ရတဲ့အခါကျတော့ စိတ်သွားတိုင်း ကိုယ်မပါဘူး။ မပေါက်ဘူး။ တကယ်လို့သာ ဘဏ္ဍာရေး အလုံးအရင်းနဲ့ဆိုရင် ကျွန်တော်တို့က ဒီ့ထက်အများကြီးလုပ်နိုင်မှာ။ အခုကတော့ ရသလောက် အကန့်အသတ်ထဲမှာပဲ ကြိုးစားရတဲ့ အခက်အခဲရှိတယ်။
TREND ။ ။ ပြီးခဲ့တဲ့ အစိုးရသက်တမ်းကတည်းက ဦးကိုကိုကြီးတို့ပြည်သူ့ပါတီကို NLD ပြီးရင် ဒီမိုကရေစီလိုလားတဲ့သူတွေ အားပေးထောက်ခံမှုများ ပြားခဲ့တာ တွေ့ခဲ့ရတယ်။ လက်ရှိ အခြေအနေမှာ ပါတီ အပေါ် လူထုရဲ့ထောက်ခံယုံကြည်မှု၊ အားပေးမှုကို ဘယ်လို ခန့်မှန်းသုံးသပ်ပါသလဲ။
UKKG ။ ။ ပြောရရင်တော့ ရှစ်လေးလုံးအရေးတော်ပုံပြီးကတည်းက နိုင်ငံရေးပါတီဆိုရင် ဒီမိုကရေစီအင်အားစုဆိုရင် NLD ဆိုတာမျိုး ဖြစ်သွားတယ်။ ကျွန်တော်တို့ ၈၈ မျိုးဆက်တွေ ကိုယ်တိုင်ကလည်း ပြောရရင် NLD ကို တောက်လျှောက် ဝန်းရံပံ့ပိုးခဲ့တာ။ အဲဒီတော့ ပြီးတာတွေ ပြန်မပြောချင်ပေမယ်လို့ တကယ်တော့ ကျွန်တော်တို့ ၂၀၁၅ တုန်းကတည်း NLD ကနေ ပြီးတော့ပဲ ရွေးကောက်ပွဲဝင်ဖို့၊ ပူးပေါင်းဆောင်ရွက်ဖို့ ကြိုးပမ်းခဲ့ကြတာ။ သို့သော် ဖြစ်မလာတဲ့အတွက်ကြောင့် နောက်ဆုံး ကိုယ့်ဘာသာကိုယ် ပါတီထောင်ရတဲ့ အခြေအနေဖြစ်လာတော့ တော်တော်များများကလည်း နားလည်တယ်။ အဲဒီတော့ မဲပေးတုန်းကဆိုရင် တချို့လှမ်းပြီးတော့ မေတ္တာရပ်ခံတယ်။ မဲကွဲသွားမှာစိုးလို့ ဒီတစ် ခေါက်တော့ NLD ပဲထည့်လိုက်မယ်။ နောက်ပိုင်းမှာတော့ ပြည်သူ့ပါတီကိုပဲ ကျွန်တော်တို့၊ ကျွန်မတို့က မျှော်လင့်တာပါဆိုပြီးတော့ ပြောခဲ့ကြတယ်။ ဆိုတော့ အခုကာလမှာကျတော့ ပါတီဆိုတာထက်ကို နိုင်ငံရေးအပေါ်မှာကို လူတွေက စိတ်ပျက်သွားတယ်။ အဲဒီတော့ တချို့ကကျတော့လည်း နိုင်ငံရေးနဲ့ မပတ်သက်တာ ကောင်းတယ်။ ကင်းကင်းနေတာ ကောင်းတယ်ဆိုတာ မျိုးပါ ပျံ့နှံ့လာတယ်။ လူတွေ က တစ်ကိုယ်စာ စဉ်းစားလာကြတယ်။ သူ့ကိုအန္တရာယ်မဖြစ်အောင်၊ သူရပ်တည် နိုင်အောင်ဆိုတာမျိုး စဉ်းစားတော့ လူ့အဖွဲ့အစည်းဆိုတဲ့ စည်းနှောင်မှုက ပျက်လာပြီးတော့ တစ်ကိုယ်စာစဉ်းစားတဲ့ဟာ မျိုးက ကြီးလာတယ်။ ဆိုတော့ အဲဒီအခြေအနေ ကနေပြီးတော့ ကျွန်တော်တို့ အခုလိုမျိုး မီဒီယာ တွေကနေတစ်ဆင့် ပြောဆိုနေတဲ့အခါကျတော့ ဥပမာ တချို့အင်တာဗျူးတွေမှာ သိန်းနဲ့ချီပြီးတော့ Public Rate ရောက်တယ်။ ဆဲတဲ့လူက ထောင်ဂဏန်းဆဲတယ်ဆိုပေမယ့် ပရိသတ်က စိတ်ဝင်တစားနဲ့ ကြည့်နေတယ်၊ နားထောင်နေတယ်။ သို့သော် ဝင်ပြောရင် သူတို့လည်း အဆဲခံရမှာစိုးလို့၊ ခြိမ်း ခြောက်ခံရမှာစိုးလို့ဆိုပေမယ့် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြောင်းလဲနိုင်မယ့် အပြောင်းအလဲကို မျှော်လင့်နေတဲ့ အသံတိတ် ပရိသတ်ကတော့ ထုနဲ့ထည်နဲ့ ရှိနေတယ်လို့ ကျွန်တော်တို့က ယုံကြည်တယ်။ ဒါကြောင့် ဒီဘက်က နိုင်ငံရေးသာ ပြန်ပွင့်လာရင် အသံ တိတ်အင်အားစုက ပြန်ထွက်လာမယ်လို့ ယုံကြည်ပါ တယ်။
TREND ။ ။ လူတွေက နိုင်ငံရေးနဲ့မပတ်သက် ချင်တော့ဘူး၊ နိုင်ငံရေးလုပ်ရမှာကို ကြောက်သွား ကြတယ်ဆိုတာကရော ဘယ်လို အကြောင်းအရင်းက ဖြစ် မလဲ။
UKKG ။ ။ ပြောရရင် နိုင်ငံရေးကို ကြောကသွားအောင်လုပ်တာက နှစ်ဖက်လုံးက လုပ်တာ။ တစ်ခုကတော့ လက်နက်ကိုင်အကြမ်းဖက်မှုတွေက သူလျှို၊ ဒလန်ဆိုပြီးတော့ လက်နက်မဲ့ အရပ်သားတွေကို သတ်တာတွေ၊ ခြိမ်းခြောက်တာတွေက ပြည်သူတွေကြားထဲ မှာ တော်တော်ကို စိုးရိမ်ထိတ်လန့် နေကြတယ်။ နောက်တစ်ခုက သာမန်တည်ငြိမ်နေတဲ့ အချိန်မှာတောင်မှ ရွေးကောက်ပွဲကော်မရှင်က ဥပဒေစည်းကမ်းတွေက ဒီလောက်မတင်းကျပ်ဘူး။ အခုဒီလောက် ပြည်သူတွေကြားထဲမှာ နိုင်ငံရေး လုပ်ဖို့တောင်မှ ကြောက်ရွံ့နေတဲ့ ခပ်ဝေးဝေးနေမယ်လို့ ဖြစ်နေတဲ့အချိန်မှာ ထပ်ပြီးထုတ်တဲ့ ညွှန် ကြားချက်တွေ၊ ဥပဒေတွေက ပြည်သူတွေကို နိုင်ငံရေးနဲ့ ဝေးအောင်မောင်းထုတ်သလို ဖြစ်နေတယ်။ ဒါကြောင့် ပြည်သူတွေကို နိုင်ငံရေးနဲ့ဝေးသွားအောင် လုပ်တာက နှစ်ဖက်လုပ်နေတာ။ ကျွန်တော်ကတော့ အဲဒီလိုမြင်တယ်။ ဒါကြောင့်မို့ ဟိုဘက်က လက်နက်ကိုင် ခြိမ်းခြောက်တဲ့ လူတွေကိုတော့ ကျွန်တော်တို့က ပြောရတာ မလွယ်ဘူး။ ဒီဘက်မှာ အာဏာရယူထားတဲ့ အဖွဲ့အစည်းကတော့ ဒီဟာကို သေချာပြန်သုံးသပ်ဖို့လိုတယ်။ နိုင်ငံရေးမယုံတော့ဘူးဆိုရင် လက်နက်ကိုင် နည်းလမ်းဘက်ကို တွန်းပို့သလိုပဲ။ ဒါကြောင့်မို့ ကျွန်တော်တို့က လက်နက်ကိုင်ပဋိပက္ခကို လျှော့ချချင်တယ်ဆိုရင် နိုင်ငံရေးယုံ ကြည်မှု ပြန်တက်လာအောင်၊ မျှော်လင့်ချက်တွေ၊ ယုံကြည်မှုတွေ ပြန်အားကောင်းလာအောင် လုပ်ပေးဖို့က လက်ရှိအာဏာရယူထားတဲ့ အစိုးရမှာတာဝန်ရှိတယ်။
TREND ။ ။ နိုင်ငံရေးသမားဆိုတာ မျိုးသုဉ်း ပျောက်ကွယ်တော့မယ့် မျိုးစိတ်ဖြစ်နေတယ်လို့ ဦးကိုကိုကြီး ပြောထားတာရှိတော့ အဲဒီအခြေအနေနဲ့ပတ်သက်ပြီး ရှင်းပြပေးပါဦး။
UKKG ။ ။ ကျွန်တော်တို့နိုင်ငံက ပုဂ္ဂိုလ်ရေးဗဟိုပြုတဲ့ နိုင်ငံရေးက တစ်လျှောက်လုံး အားကောင်းလာတာ။ ဗိုလ်ချုပ်အောင်ဆန်းဆိုရင်လည်း ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်ချုပ်အောင်ဆန်း။ တကယ်ဆိုရင် ဦးသန့်က ဒီမိုကရေစီက အကောင်းဆုံးဆိုပေမယ့် အခက်ခဲဆုံးစနစ်ဖြစ်တယ်။ အဲဒီတော့ ပြည်သူတွေရဲ့ ဉာဏ်ပညာ၊ ဆင်ခြင်တုံတရားနိမ့်ရင် ဒီမိုကရေစီက ဗရုတ်သုတ်ခကိုပဲ ဖြစ်စေ လိမ့်မယ်လို့ ပြောခဲ့တာဟာ ကျွန်တော်တို့ သက် တမ်းလောက်ကနေ ပြောခဲ့တာ။ ဆိုတော့ ဒေါက်တာ ဘမော်ဆိုရင်လည်း အင်မတန်တော်တဲ့ပုဂ္ဂိုလ်။ ဒါပေမဲ့ အဲဒီပုဂ္ဂိုလ်တွေက သမိုင်းမှာပျောက်သွားတယ်။ ဗိုလ်ချုပ်အောင်ဆန်းတစ်ယောက်ပဲ ဇာတ်ကောင်အဖြစ် ကျန်ခဲ့တယ်။ အဲဒီတော့ အဲဒီနောက်ပိုင်းမှာ လည်း ဦးနုခေတ်မှာ တစ်လျှောက်လုံး။ နောက်ပိုင်းကျတော့ အာဏာသိမ်းသွားတော့ ဒါကတော့ စောစောကနိုင်ငံရေး ပျောက်သွားပြန်ရော။ ၈၈ ပြန်ပွင့်လာတဲ့ အခါကျတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဆိုတာနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍက အရမ်းကြီးပြီးတော့ တကယ့်ဝါရင့် နိုင်ငံရေး သမားတွေက ပြန်ပျောက်သွားတယ်။ ပြောရရင် ဦးနုတို့၊ ဗိုလ်မှူးအောင်တို့၊ ဦးအောင်ကြီးတို့၊ ဝိဓူရ သခင်ချစ်မောင်တို့ အဲဒီတုန်းက ဒို့ဗမာအစည်းအရုံးက သခင်တွေ အများကြီးရှိသေးတယ်။ အဲဒီနိုင်ငံ ရေးသမားကြီးတွေရဲ့ အခန်းကဏ္ဍက တစ်ခါတည်း ပျောက်သွားပြီးတော့ ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်ပဲ ကျန်နေခဲ့တယ်။ ကျန်တဲ့လူတွေကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ကွဲလွဲဆန့်ကျင် မှုမလုပ်ရဲဘူး။ တချို့ဟာတွေမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပြောချင်ရင်တောင် မပြောရဲ ဘူး။ အဲဒီလိုနဲ့ ပုဂ္ဂိုလ်ရေးကိုးကွယ်မှု အရမ်းကြီးသွားတဲ့ အချိန် တကယ့်တကယ် သီအိုရီမှာလည်း ရှိပါတယ်။ လူအုပ်ဝါဒနဲ့ ဒီမိုကရေစီနဲ့က မတူဘူး။ အဲဒီတော့ ကျွန်တော်တို့က ဒီမိုကရေစီ ရေခံမြေခံ မတည်ဆောက်နိုင်ခင်မှာ လူအုပ်ဝါဒပုံစံမျိုးကြီးက လွှမ်းမိုးလာတယ်။ လွှမ်းမိုးလာတော့ ကျွန်တော်တို့ ကိုယ်တိုင်လည်း နိုင်ငံရေးလုပ်ရတဲ့အခါကျတော့ ပြောရရင် ပြည်သူတွေကြားထဲမှာ ဉာဏ်ပညာနဲ့ ဆင်ခြင်တုံတရား အားကောင်းလာအောင် ကျွန်တော်တို့က တော်တော်ကြိုး စားရဦးမှာ။ ပြောရရင် ပညာရေးစနစ်က စလို့ပေါ့။ လူတွေက သိပ်ပြီးတော့ စီးပွားရေး အခြေအနေဆိုးရွားရင်လည်း နိုင်ငံရေး ဘက်ကို စိတ်မဝင်စားနိုင်ဘူး။ သူက မနက်ထမင်း၊ ညထမင်းကိုပဲ အာရုံရောက်တော့တာ။ အဲဒီတော့ နိုင်ငံရေးက သီးခြားဖြစ်သွားရော။ ဒါကြောင့် နိုင်ငံတစ်နိုင်ငံ ဒီမိုကရေစီ ပြန်ပြီးတော့ အမြစ်တွယ်ဖို့ဆိုတာ သာမန်ပြည်သူတွေရဲ့ စီးပွားရေးအဆင့်အတန်းက လည်း အထိုက်အလျောက် ကောင်းနေရမယ်။ လုံခြုံမှု၊ အာမခံချက်ရှိရမယ်။ ပညာရေးကလည်း ဆင်ခြင်တုံတရားကို အားပေးတဲ့ ပညာရေးဖြစ်ရမယ်။ အဲဒါမှ ဒီမိုကရေစီ ပြန်အားကောင်းလာမယ်လို့ မြင်ပါတယ်။
TREND ။ ။ လူထုထောက်ခံမှုရှိမှ ပါတီတွေ ရပ်တည်နိုင်မယ်ဆိုတော့ လက်ရှိအခြေအနေမှာ ပါတီတွေအနေနဲ့ကရော လူထုထောက်ခံမှုရအောင်၊ ပြည်သူတွေရဲ့ အခက်အခဲ၊ပြည်သူတွေရဲ့ လိုအပ်ချက်တွေနဲ့ပတ်သက်ပြီး ဘယ်လောက်အတိုင်း အတာထိ လုပ်ဆောင်ပေးနိုင်တယ်လို့ ပြောနိုင်လဲ။
UKKG ။ ။ ကျွန်တော်တို့ နိုင်ငံရေးပါတီတွေက အကျိုးဆောင်ပေးတဲ့အတွက်ကြောင့် ဘာရလဒ်တွေ ထွက်တယ်ဆိုတာကို ပြနိုင်ဖို့လိုတယ်။ အခုကတော့ ကော်မရှင်ကနေပြီးတော့ မှတ်ပုံတင်ကိစ္စနဲ့ ပတ်သက်ပြီးတော့ နိုင်ငံရေးပါတီဝင်တွေကို မှတ်ပုံတင် သုံးခေါက်ချိုးတွေ နောက်ပြီးတော့ နိုင်ငံသား ဖြစ်ပါလျက်နဲ့ မှတ်ပုံတင်မရသေးတဲ့ကိစ္စတွေ၊ ပျောက်ဆုံးတဲ့ကိစ္စတွေ အဲဒါတွေကို ဦးစားပေး ဆောင်ရွက်ပေးဖို့ လဝကကို ညွှန်ကြားချက် ထွက်လာတယ်။ ဒီကိစ္စကိုတော့ လတ်တလော ဆောင်ရွက်ပေးလို့ရတယ်။ ပါတီတွေဆိုတာက ပြည်သူကို ဘာလုပ်ပေးသလဲ။ သွားစည်းရုံးတယ်။ ဘာဖြစ်လို့ ပါတီဝင်ရမှာလဲ။ ပါတီကဘာတွေ လုပ်ပေးမှာလဲလို့ဆိုရင် ဘာတွေလုပ်ပေးနိုင်တယ်ဆိုတာ ပြန်ပြီးတော့ ပြနိုင်ဖို့လိုတယ်။ ကျွန်တော်တို့ပါတီရဲ့ရည်ရွယ်ချက် ကိုယ်၌က လူမျိုး၊ ကိုးကွယ်သည့်ဘာသာ၊ ကျားမ၊ အဆင့်အတန်း မခွဲခြားဘဲနဲ့ တန်းတူညီတူဖြစ်ရမယ်။ နိုင်ငံသားတိုင်းက ဒီအပေါ်မှာ ကျွန်တော်တို့ ဆောင်ရွက်ပေးမယ်။ နောက်တစ်ခုကတော့ နိုင်ငံရေးအကျဉ်းသားကိစ္စ၊ နောက်တစ် ခုကတော့ စိုးရိမ်ထိတ်လန့်မှုနဲ့ တိမ်းရှောင်နေတဲ့သူတွေ အဲဒါမျိုးတွေ ပါတီကို ဆက်သွယ်လာရင် အတတ်နိုင်ဆုံး ဆောင်ရွက်ပေးမယ်။ ဆုံးဖြတ်ချက်ချတာကတော့ တာဝန်ရှိသူတွေရဲ့အပိုင်းပေါ့။ နောက်တစ်ခုကတော့ အရေးပေါ်ကာလ ကုန်ဆုံးသွားပြီဆိုရင် နိုင်ငံသားအခွင့်အရေး ဆုံးရှုံးထိခိုက်တာ တွေနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့က ကိုယ်စားပြောပေးမယ်။ ဒီ့ထက်လေးနက်တဲ့ အဆင့်ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ အကျပ်အတည်းနဲ့ပတ်သက်ပြီးတော့ နိုင်ငံအတွက် ပြုပြင်ပြောင်းလဲဖို့ လိုအပ်တဲ့အချက်တွေကို ပြုပြင်ပြောင်းလဲနိုင်ဖို့ ဆက်ပြီးတော့ ကြိုးစားသွားမယ်။ နောက်တစ်ခုက စီးပွားရေးကဏ္ဍနဲ့ ပတ်သက်ပြီးတော့လည်း လက်တွေ့မကျတဲ့ ညွှန်ကြားချက်တွေ၊ စီးပွားရေးအတွက် အဟန့်အတားဖြစ်နေတဲ့ ဥပဒေတွေ၊ နည်းဥပဒေတွေနဲ့ပတ်သက်ရင်လည်း ပါတီက ကိုယ်စားပြုပြီး တော့ ပြောဆိုသွားမယ်။ တောင်သူလယ်သမား၊ စီးပွားရေးလုပ်ငန်းရှင်များ၊ အလုပ်သမားများ၊ သာမန်ပြည်သူများအတွက် ပါတီကိုဆက်သွယ်ပြီး အကူအညီတောင်းလာခဲ့ရင် အတတ်နိုင်ဆုံး ဆောင်ရွက်ပေးသွားပါမယ်။
TREND ။ ။ ရွေးကောက်ပွဲလမ်းကြောင်းပြန် ပေါ်လာရင် နိုင်ငံရေးအရ ပြန်ပွင့်လာတယ်။ အားကောင်းလာတယ်လို့ ပြောလို့ရလား။
UKKG ။ ။ ရွေးကောက်ပွဲ ဖြစ်သွားရင် သေချာတာက အပြည့်မလုပ်နိုင်ဘူးဆိုရင် တောင်မှလွှတ်တော်အထမြောက်တဲ့ အခြေအနေတစ်ခုကို ရောက်သွားရင် လွှတ်တော်ပေါ်လာ တယ်ဆိုတာက လက်ရှိတည် ဆဲဥပဒေတွေနဲ့ ပတ်သက်ပြီးတော့ ပြုပြင်ပြောင်းလဲဖို့၊ ဖြည့်စွက်ဖို့၊ အသစ်ပြန်လည်ရေးဆွဲဖို့ အခွင့်အလမ်းပေးလာပြီ။ နောက်တစ်ခုက အုပ်ချုပ်ရေးက လုပ်ချင်တိုင်း လုပ်လို့မရတော့ဘူး။ လွှတ်တော်က အစိုးရကို ထိန်းကျောင်းတဲ့ စနစ်တစ်ခုပေါ်လာမယ်။ တရားစီရင် ရေးဘက်က လုပ်နေတာတွေနဲ့ပတ်သက်လို့ အဂတိလိုက်စားမှုတို့၊ ဘာတို့ ဖြစ်ခဲ့ရင်လည်းပဲ လွှတ်တော်က ထိန်းကျောင်းတဲ့ကိစ္စ ပေါ်လာမယ်။ လွှတ်တော်နဲ့ အစိုးရပိုင်းကိုလည်း တရားစီရင်ရေးပိုင်းက ပြန်ပြီးတော့ ထိန်းကျောင်းတာပေါ်လာမယ်။ အဲဒီလိုထိန်းကျောင်းတဲ့ စနစ်ကို သာမန်ပြည်သူက မလုပ်တတ်ဘူး။ မလုပ်ရဲဘူးဆိုရင် နိုင်ငံရေးသမားတွေက ကိုယ်စားပြုပြီးတော့ ပြည်သူတွေကိုယ်စား တင်ပြတောင်းဆိုပေးရမယ်။ ဒါကြောင့် ပါတီထောင်တယ်ဆိုတာ ပြည်သူတွေကို ကိုယ်စားပြုနိုင်ဖို့။ ဆောင်ရွက်ရတာ။
TREND ။ ။ လွှတ်တော်တစ်ရပ်၊ အစိုးရတစ် ရပ်ပေါ်လာတဲ့ အခင်းအကျင်းပေါ်ပေါက်လာပြီဆိုရင် လက်ရှိက ပဋိပက္ခတွေ၊ နိုင်ငံရေးအကျပ်အတည်းတွေကို ဘယ်လောက်အတိုင်းအတာအထိ အပြောင်း အလဲဖြစ်စေနိုင်လဲ။
UKKG ။ ။ ဒီလိုမျိုး လက်နက်ကိုင် ပဋိပက္ခ မပြင်းထန်တဲ့ ပုံမှန်အခြေအနေမှာ ၂၀၁၂ လွတ်လာပြီး ကတည်းက ကျွန်တော်ပြောတယ်။ ရွေးကောက်ပွဲ တစ်ခုတည်းနဲ့ နိုင်ငံရေးပြဿနာ အကုန်လုံးကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူး။ အခုပိုဆိုးတယ်။ သို့သော် ပြဿနာတွေ ဖြေရှင်းနိုင်ဖို့အတွက် တံခါး ပေါက်တော့ ဖြစ်သွားမယ်။ အဲဒီအခင်းအကျင်းဖြစ်လာတဲ့အခါကျရင် ရွေးကောက်ခံ လွှတ်တော်နဲ့ အစိုးရက တာဝန်ခံပြီးတော့ ငြိမ်းချမ်းရေးကိစ္စတွေ၊ စီးပွားရေးဖွံဖြိုးရေး ကိစ္စတွေ၊ နိုင်ငံသားအခွင့် အရေးကိစ္စတွေကို ဆောင်ရွက်နိုင်မယ်။ အခုကတော့ ပွင့်ပွင့်လင်းလင်းပြောရရင် တပ်မတော်အစိုးရ ဆုံးဖြတ်တာကိုပဲ ကျွန်တော်တို့က လက်ခံရမှာ။ အဲတော့ ရွေးကောက်ပွဲနဲ့ လွှတ်တော်၊ အစိုးရပေါ် လာပြီဆိုရင်တော့ တပ်မတော်က လုပ်ချင်တိုင်းတော့ လုပ်လို့မရတော့ဘူး။ သို့သော် တပ်မတော်ရဲ့ အခန်းကဏ္ဍကတော့ ဆက်ရှိနေဦးမယ်။ ဒါပေမဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်တဲ့ လမ်းစတစ်ခုတော့ ဖြစ်သွားမယ်။ တရားဝင်ပြောနိုင်တဲ့ ပလက်ဖောင်းတစ်ခုပေါ်လာမယ်။ အဲဒါက အရေးကြီးတဲ့ အပြောင်းအလဲလို့ မြင်ပါတယ်။
TREND ။ ။ တည်ငြိမ်မှ ရွေးကောက်ပွဲဖြစ်နိုင်မှာဆိုတော့ တိုင်းပြည်မငြိမ်လို့ ရွေးကောက်ပွဲ မလုပ်နိုင်ရင် နိုင်ငံရေးပါတီ တစ်ရပ်အနေနဲ့ ဘယ်လိုဆက်သွားမလဲ။
UKKG ။ ။ ရွေးကောက်ပွဲကို စတိပဲဖြစ်ဖြစ်၊ မဖြစ်ဖြစ်အောင် လုပ်မယ်ဆိုရင်တော့ လုပ်လို့ရတဲ့ အခြေအနေဖြစ်နေတယ်။ ဘာကြောင့်လဲဆိုတော့ ဖွဲ့စည်းပုံပြဋ္ဌာန်းချက်မှာ ထက်ဝက်ကျော်၊ ထက်ဝက် ကျော်ဆိုတော့ သူက ၂၅ ရှိပြီးသားဆိုတော့ ရွေးကောက်ခံ မဲဆန္ဒနယ်မြေထဲက ၂၅ရာခိုင်နှုန်း လုပ်နိုင်ရင် အထ မြောက်သွားမယ်။ ဒီ့ထက်ပိုပြီး ၃၃ ရာခိုင်နှုန်းအရ သုံးပုံ တစ်ပုံနဲ့ လုပ်လို့ရတယ်။ ဆိုတော့ ၈ရာခိုင်နှုန်းပဲလိုတယ်။ အဲဒီတော့ ပထမအဆင့်ကို ဖြစ်တဲ့နည်းနဲ့ လုပ်မယ်ဆိုရင် လုပ်လို့ ရနေပြီ။ အဲဒါကြီးကို သူ့ဘာသာလုပ်ချင်တာ လုပ်ဆိုပြီးတော့ လွှတ်ပေးမလား။ နိုင်ငံရေးသမားတွေက နိုင်ငံရေးအပြောင်းအလဲကို ပါဝင်ဆောင်ရွက်ပြီးတော့ ကိုယ်လိုချင်တဲ့ လမ်းကြောင်းပေါ်ရောက်အောင် ကြိုးစားမလား။ ကျွန်တော်တို့ ရွေးရတော့မယ်။ မဟုတ်ရင်တော့ သာမန်ပြည်သူက ရန်ကုန်လိုနေရာမျိုးမှာတောင် လုံခြုံရေးအာမခံချက်မရှိဘူး။ ဟိုတလောကဆိုရင် သင်္ဃန်းကျွန်းမှာ ပါတီဥက္ကဋ္ဌတစ်ယောက် လုပ်ကြံခံရတယ်။ အခြားသောနေရာတွေမှာလည်း။ ပြောရရင် ဥပဒေမဲ့ သတ်ဖြတ်ခြင်းပဲ။ စွပ်စွဲခံရရင် စွပ်စွဲခံရသူက လျှောက်လဲခွင့်၊ ချေပခွင့် ဆိုလိုတာက ဥပဒေဆိုင်ရာ အခွင့်အရေးတွေရှိတယ်။ ပုံမှန်သမားရိုးကျဆိုရင်ပေါ့။ သတ်တာက လူသတ်မှုပဲ။ စစ်တိုက်တာနဲ့ လူသတ်တာ မတူဘူး။ စစ်တိုက်တာ စစ်ပွဲမှာ လူသေသွားတာ။ ဘယ်သူ ဘယ်ဝါပါလို့ ဦးတည်ပြီး မှတ်ပုံတင်နံပါတ်နဲ့ ပစ်သတ် တာမဟုတ်ဘူး။ စစ်ပွဲမှာ ပစ်ရင်းခတ်ရင်း နှစ်ဖက်စစ်သည် ကျသွားတာက လူသေသွားတာ။ လူသတ်တာ လူသတ်တာ။ စစ်တိုက်တာနဲ့ လူသတ်တာမတူဘူး။ စစ်ပွဲသဘာဝကို ပြောပြတာ။ အရပ်ဖက်သတ်တာက တော့ လူသတ်မှုပဲ။
TREND ။ ။ စစ်ဘောင်ကျဉ်းပြီး နိုင်ငံရေး ဘောင်ကျယ်လာအောင် ဘယ်လိုနည်းလမ်းတွေနဲ့ အကောင်အထည် ဖော်သင့်တယ်လို့ အကြံပြုချင်လဲ။
UKKG ။ ။ ၂၀၂၁ နစက အစိုးရတက်ကတည်းက ကျွန်တော်က တောက်လျှောက်တိုက်တွန်းနေတာ။ နိုင်ငံရေးပြန်ဖွင့်ပါ။ နိုင်ငံရေးလမ်းကြောင်း ပြန်ပွင့်လာမှ ပြည်သူတွေက နိုင်ငံရေးအပေါ်မှာ ပြန်ပြီးတော့ မျှော်လင့်လာမယ်။ ယုံကြည်လာမယ်ဆိုတာ ပြောပေမယ့်။ သုံးနှစ်ပြည့်တဲ့အထိ သိသာထင်ရှားတဲ့ အပြောင်းအလဲ ဖြစ်မလာဘူး။ ပြည်သူတွေက တဖြည်းဖြည်း သုံးနှစ်ဆိုတဲ့ကာလက နည်းတာမဟုတ်ဘူး။ သို့သော်အခု စလုပ်ရင်တော့ အချိန်မီသေးတယ်။ ကျွန်တော်တို့က တပ်မတော်ကို ပြောရတဲ့အခါမှာ တပ်မတော်ဘက်က လော်ဘီတွေကလည်း ကျွန်တော်တို့ကိုချတယ်။ မင်းက PDF တွေကျတော့ မပြောဘူးလားတဲ့။ ဆိုတော့ ကျွန် တော်တို့က အကြမ်းဖက်တာကို ဘယ်သူအကြမ်းဖက်တာကိုမှ လက်မခံဘူး။ ကြေညာချက်တွေလည်း ထုတ်ထားပြီးသား။ သို့သော် နိုင်ငံတော်အာဏာကို ရယူထားတဲ့ အဖွဲ့အစည်းကကျတော့ သူက ဒီအခြေအနေကြီးကို စပြီးရွေ့နိုင်တယ်။ စပြီးပြောင်း နိုင်တယ်။ ဒါကြောင့်မို့ နစကနဲ့ တပ်မတော်ကို ဦးတည်ပြီးပြောနေရတာက ဒီအခင်းအကျင်းကို စပြီးပြောင်းနိုင်တာသည် နစကနဲ့ တပ်မတော်ပဲ။ ဒါကြောင့်မို့ ကျွန်တော်တို့က နိုင်ငံရေးမျှော်လင့် ချက်ကောင်းကောင်း ပြန်ဖန်တီးပါဆိုတာ နစကဘက်က။ အခု ကျွန်တော်ပြောနေတာကို တချို့ဝေ ဖန်တာရှိတယ်။ ကိုကိုကြီးက အကြမ်းဖက်တာကို လက်မခံဘူး။ နိုင်ငံရေးနည်းလမ်း တောက်လျှောက် ပြောနေတယ်။ မင်းတို့ နိုင်ငံရေးနည်းလမ်းက ဘာရလဒ်ထွက်သလဲ မေးလာ တော့ ကျွန်တော်တို့မှာ ပြစရာမရှိဘူး။ တကယ်က ကျွန်တော်တို့ နိုင်ငံရေးနည်းလမ်းနဲ့ လုပ်တဲ့အတွက်ကြောင့် ဘယ်လို ဖြစ်ထွန်းမှု၊ တိုးတက်မှုတွေ ရှိတယ်ဆိုတာ ပြနိုင်မှ ပြည်သူတွေကို နိုင်ငံရေးယုံကြည်လာအောင် ကျွန် တော်တို့က လုပ်လို့ရမှာ။ ဒါကြောင့်မို့ တာဝန်အရှိဆုံးက နစက။ သူကနိုင်ငံရေးအရ ပြုပြင်ပြောင်း လဲမှုတွေ စပြီးလုပ်ပါ။
နောက်တစ်ခု အချိန်သိပ်နောက်ကျပြီးမှ လုပ်ရင် ဈေးသည်လိုပြောရရင် ခေါ်ဈေးတွေ မတူတော့ဘူး။ အရင်တုန်းက ၁၀ နဲ့ အရောင်းအဝယ်တည့်မယ့်ကိစ္စကို အဲဒီအချိန်မှာ ဟိုက ၅၀ လောက် တောင်းနေတော့ ကိုယ်က အဲဒီအချိန်မှာ ၁၀ လောက်ပဲ ပေးမယ်စဉ်းစားနေတယ်။ အဲဒီတော့ သိပ်နည်းပြီး သိပ်နှေးတဲ့ အခါကျတော့ အဖြစ်အပျက်တွေက လွှမ်းမိုးသွားတယ်။ နိုင်ငံရေးတွေက ကျန်ခဲ့တယ်။ အခုဖြစ်နေတာကလည်း စစ်ရေးကလွှမ်းမိုးလာပြီဆိုရင် အခုအချိန်ကျမှ နိုင်ငံရေးပြုပြင် ပြောင်းလဲမှု လုပ်တဲ့အခါကျတော့ အရင်ကစဉ်း စားတဲ့ပုံစံနဲ့ စဉ်းစားလို့မရတော့ဘူး။ ဒါကြောင့်မို့ တပ်မတော်ခေါင်းဆောင်တွေကိုလည်း တိုက်တွန်းနေတာက နိုင်ငံတော်လုံခြုံရေးနဲ့ အချုပ်အခြာအာဏာကို စဉ်းစား တဲ့အခါမှာ လုံခြုံရေးရှုထောင့်ကချည်းပဲ သိပ်ပြီး အလေးပေးလွန်းရင် တစ်ဖက်က နိုင်ငံရေးက ကျန်နေခဲ့မယ်။ ဥပမာ ရိုးရိုးလေးပြောရရင် ၁၉၆၂ တုန်းက ဦးနုအစိုးရက တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ညှိနေတာက Decentralization ကိုပြောနေတာ။ ပြည်ထောင်စုအစိုးရက ပြည်နယ်တွေရဲ့ လုပ်ပိုင်ခွင့်တွေကို တိုးမြှင့်ပေးဖို့ ဆွေးနွေးညှိနှိုင်းနေတာ။ အဲဒီအချိန်မှာ တပ်ကနေပြီးတော့ ဖက်ဒရယ်ဆိုတာ ပြည်ထောင်စု ပြိုကွဲတော့မယ်ဆိုတဲ့ အစွဲနဲ့အာဏာသိမ်းခဲ့တာ အခုဒီအခြေအနေအထိ ရောက်လာတယ်။ အခုကျမှ Decentralization တောင်မှ ထိထိရောက်ရောက် အကောင်အထည်မဖော်နိုင် သေးဘူးဆိုရင် ဟိုဘက်မှာက Confederation တို့ ၊ သီးခြား လွတ်လပ်တဲ့ဟာတို့ အရမ်းကွာသွားပြီ။ ဒါကြောင့်မို့ ဒီနိုင်ငံသည် မဖြစ်မနေ လုပ်ရမှာကတော့ ဖက်ဒရယ်ကို ရှောင်လို့မရဘူး။ ဖက်ဒရယ်ကို ရဲရဲတင်းတင်းလုပ်မှ လက်နက်ကိုင်ပဋိပက္ခကို ထိန်းနိုင်မှာ။ ဖက်ဒရယ်ကို နိုင်ငံရေးနည်းလမ်းနဲ့လုပ်တာ၊ ဆွေးနွေးတာ အောင်မြင်တယ်လို့ ပြနိုင်မှ နိုင်ငံရေးအပေါ်မှာ ယုံကြည်လာမှာ။အခုဆိုရင် စိုးရိမ်စရာ ကောင်းတာက လက်နက်ကိုင် ပဋိပက္ခကြောင့် နယ်စပ်ကုန်သွယ်ရေးဂိတ်တွေ အားလုံးက လက်နက်ကိုင်အဖွဲ့တွေရဲ့ လက်ထဲကို ရောက်သွားပြီ။ ကျွန်တော်တို့က သွင်းကုန်နဲ့ တော်တော်များများကို ရပ်တည်နေရတယ်။ အထူးသဖြင့် ဆေးဝါးတော်တော် ပြဿနာတက်တယ်။ ဒါကြောင့် စီးပွားရေးလည်း ကသောင်းကနင်း၊ နိုင်ငံရေးလည်း မဖြေရှင်းနိုင်ဘူးဆိုရင် နိုင်ငံကကျပြီဆိုရင်။ ကျွန်တော်ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့တဲ့ပွဲမှာ ပြောခဲ့တယ်။ နိုင်ငံက ခုံးဆင်းမှာ ရောက်နေတယ်။ အချိန်မီ ကြမ်းတုံးမခံနိုင်ရင် ထိုးဆင်းသွားမှာ။ ဒါကြောင့် ပြုပြင်ပြောင်းလဲမှုကို ရဲရဲတင်းတင်း သတ္တိရှိရှိ လုပ်ပါ။ ရှောင်လို့မရဘူး။ ဒါက တပ်မတော်ပိုင်း အရေးကြီးတာကို အဓိကပြောတာပါ။
အဲဒီတော့ ဟိုဘက်က လက်နက်ကိုင်ထားတဲ့ လူတွေကတော့ ပြောရရင် ကျွန်တော်တို့တောင် ခြိမ်းခြောက်တာတွေ၊ ပြုတာတွေ မကြာခဏ ကြားနေရတဲ့ အခါကျတော့ အကြမ်းဖက်မှု လက်မခံဘူး။ အရပ်ဘက် လက်နက်မဲ့ပြည်သူတွေကို ထိခိုက်သေဆုံးတဲ့ကိစ္စကို ကန့်ကွက်တယ်၊ ရှုတ်ချတယ်ဆိုတာ ကလွဲပြီး သူတို့ကို ဘာမှ အတိအလင်းပြောလို့မရဘူး။ အဲဒီတော့ နိုင်ငံရဲ့ Institution ဖြစ်တဲ့ တပ်မတော်ကို ပဲ ကျွန်တော်တို့က ပြောရတယ်။ နောက်တစ်ခုကတော့ နိုင်ငံတစ်နိုင်ငံမှာ တည်ငြိမ်ရေး၊ တရားဥပဒေ စိုးမိုးရေးကိုတော့ တက်လာတဲ့ အစိုးရလုပ်မှာ။ လုပ်တဲ့အခါမှာ နိုင်ငံရေးပြုပြင် ပြောင်းလဲမှုနဲ့ လူထု ထောက်ခံမှုရအောင်လုပ်ဖို့၊ လုပ်နိုင်ဖို့လိုတယ်။ နောက်အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်ဆို ရင်လည်း နိုင်ငံရေးအရ ဆွေးနွေးဖြေရှင်းဖို့ နိုင်ငံတကာ အသိအမှတ်ပြုမှုကိုပါ ရလာဖို့အတွက်က နစက၊ တပ်မတော်အပိုင်းရော၊ လက်နက်ကိုင်အင်အားစုတွေ အပိုင်းရော၊ နောက်တစ်ခုက ပြည်တွင်း နိုင်ငံရေး ပါတီတွေပေါ့၊ အဲဒီအခန်းကဏ္ဍက အားကောင်းလာဖို့လိုတယ်။ အခုက နိုင်ငံတကာ သတင်း မီဒီယာတွေမှာရော ပြင်ပလေ့လာသူတွေ ကြားထဲမှာပါ NUG နဲ့ နစကနဲ့ နှစ်ဖက်ပဲ သူတို့က စဉ်းစား နေတယ်။ ပြည်တွင်းနိုင်ငံရေး ပါတီ တွေရဲ့အခန်းကဏ္ဍက ပျောက်ကွယ်နေတယ်။ ပြီးခဲ့တဲ့ အာဆီယံဥက္ကဋ္ဌ လက်ထက်မှာဆိုရင် ဆွေးနွေးပွဲတွေ အကြိမ်ကြိမ်ခေါ်ပြီးတော့ လုပ်တယ်လို့ပြောတယ်။ ပြည်တွင်း နိုင်ငံရေးပါတီတွေ မပါဘူး။
နောက်တစ်ခုက ဒီပြဿနာဖြေရှင်းဖို့အတွက်က နစကနဲ့တပ်မတော်နဲ့ ဆွေးနွေးရမယ့်ကိစ္စ။ သူ့ကို Political Position ကိုလက်မခံဘူး၊ မဖိတ်ဘူးလို့ ပြောတဲ့အတွက်ကြောင့်၊ ဆွေးနွေးဖက်လို့ မသတ်မှတ်တဲ့အတွက်ကြောင့် ဒီပြဿနာကို ဘယ်လိုရှင်းမလဲ။ ကျွန်တော်ပြောတာ ကြိုက်ခြင်း၊ မကြိုက်ခြင်းနဲ့ မဆိုင်ဘူး။ ပြဿနာဖြေရှင်းချင်ရင် ပြဿနာရဲ့ အဓိက Key Stakeholders တွေကို ဖယ်ထား လို့မရဘူး။ နောက်တစ်ခုက ပြည်တွင်းနိုင်ငံရေးကို ဘေးဖယ်ပြီးတော့ ဖြေရှင်းဖို့ စဉ်းစားနေရင် NUG နဲ့ နစကနဲ့ဆိုတာ မျိုးလောက်ပဲ စဉ်းစားနေတဲ့ အချိန်မှာ အခုဒါ ရှမ်းမြောက်တို့၊ ဘာတို့ ဖြစ်တဲ့ကိစ္စဟာ တိုင်းရင်းသားတွေရဲ့ Argenda နဲ့ သူတို့ ဘာသာ ဖြစ်တာ။ လူတွေပုံဖော်ထားတာက NUG, CRPH နဲ့ နစကနဲ့ ပုံဖော်ထားတယ်။ အခုဖြစ်နေတာက တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ အခန်းကဏ္ဍက သူတို့က ခေတ်အဆက်ဆက်က သူတို့ရဲ့ နိုင်ငံရေးရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့အတွက် ဒီအကျပ်အတည်းမှာ သူတို့ကြိုးပမ်းဆောင်ရွက်လာတာ၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု မလုပ်ဘဲနဲ့ ဒီပြဿနာတွေ ဖြေရှင်းလို့ မရနိုင်ဘူး။
TREND ။ ။နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းလမ်းနဲ့မဖြေရှင်းဘဲ လက်နက်ကိုင်နည်းနဲ့ဖြေရှင်း ကြတာတွေ၊ ရွေးကောက်ပွဲကို ပျက်အောင်၊ ရွေးကောက်ပွဲကို မလိုလားကြတဲ့ ဆန့်ကျင်ဘက်အဖွဲ့ အစည်းတွေ၊ လက်နက်ကိုင်အဖွဲ့တွေကို ဘာပြောချင်လဲ။
UKKG ။ ။ တစ်ခုကတော့ ကျွန်တော်တို့က နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုဆိုတာ စစချင်းမှာတော့ အားလုံးပါဝင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ စတည်လို့ရတဲ့ အစုအဖွဲ့တွေနဲ့ ဆွေးနွေးရမယ်။ ပြည်တွင်းမှာ နိုင်ငံရေး ပါတီတွေနဲ့ ထိထိရောက်ရောက် ဆွေးနွေးပြီးတော့ ရလဒ်ထွက်အောင်လုပ်ဖို့ အရေးကြီးတယ်။ နောက်တစ်ခု ကတော့ EAO ထဲမှာတောင်မှ လက်မှတ်ထိုးထားတဲ့ EAO တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့လို တယ်။ ပြောရရင် အကြိမ်ကြိမ်လုပ်ပြီးတော့ ဘာမှရလဒ်ထူးထူးခြားခြား မထွက်တာမျိုးကတော့ ပြည်သူကလည်း အလကားပါ။ အချိန်ကုန်၊ ပိုက်ဆံကုန်ပြီးတော့ အစည်းအဝေးဓာတ်ပုံတွေပဲ တက်လာတယ်။ ဘာမှထူးထူးခြားခြားလည်း ထွက်မလာဘူးဆိုတာ ပြည်သူက စိတ်ပျက်တယ်။ ထိထိရောက်ရောက် မျှော်လင့်ချက်တွေ ထွက်လာဖို့လိုတယ်။ အဲဒီက နေတစ်ဆင့်မှ ဆွေးနွေးမှုကို အဝန်းအဝိုင်းချဲ့ရမယ်။ ချဲ့တဲ့အခါကျတော့ စောစောကပြောတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေပါ တဖြည်းဖြည်းနဲ့ ပါလာပြီးတော့ နိုင်ငံရေးဖြစ်စဉ်ထဲမှာ Inclusive ဖြစ်အောင် ပါလာနိုင်အောင်တော့ စိတ်ရှည်လက်ရှည်နဲ့ ကြိုးစားရမှာပဲ။ တစ်ချီတည်းနဲ့ကတော့အားလုံး စားပွဲဝိုင်းထိုင်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ သေချာတာက ပြည်တွင်းမှာ နိုင်ငံရေးပါတီ တွေရှိတယ်။ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရှိတယ်။ အဲဒါတွေနဲ့ ဆွေးနွေးမှုသာ သိသာထင်ရှားတဲ့ ရလဒ်ထွက်မယ်ဆိုရင် ကျန်တဲ့သူတွေကပါ စိတ်ဝင်စားလာမှာ။အခုဟာက ကျန်တဲ့သူတွေ စိတ်ဝင်စားဖို့ နေနေသာသာ၊ ရှိထားပြီးသား သူ တွေတောင် စိတ်ပျက်တယ်။ အဲဒါဘာလဲဆိုရင် ရလဒ်မပြနိုင်လို့။ ပြည်သူကိုလည်း ပြရမယ်။ ကျိတ်ပြီးဆွေး နွေးနေလို့မရဘူး။ ပြည်သူကသိမှ၊ သူတို့ဆွေးနွေးတာ အလုပ်ဖြစ်တယ်ဆိုမှ ပြည်သူကလည်း ခေါင်းထောင်ကြည့်မှာပေါ့။ ဒါကြောင့်မို့လို့ ကျွန်တော်တို့က ဖြစ်နိုင်တာက စလုပ်ပါ၊ ပြီးရင်တော့ ဆွေးနွေးမှုကို အဝန်းအဝိုင်းချဲ့ပါ။ တစ်ချိန်မှာတော့ ပြည့်စုံတဲ့၊ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်တဲ့အထိ မျှော်မှန်းချက်တွေ ထားရမယ်။ တစ်ယောက်ကို တစ်ယောက် ဖယ်ထုတ်တဲ့ ကိစ္စက ဖယ်ထုတ်ခံရတဲ့သူကချတာပဲ။ အဲဒီတော့ တဖြည်းဖြည်းတော့ အားလုံးပါဝင်လာမှာပါ။ ဥပမာ- AA ကို အရင်တုန်းက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတာ။ နောက်တော့ AA ကို အကြမ်းဖက်အဖွဲ့ ကနေ ဖျက်သိမ်းပေးခဲ့တယ်။ ဆိုလိုတာက အဲဒီလိုပဲ နိုင်ငံရေးမှာ ပြုပြင်ပြောင်းလဲမှုဆိုတာကတော့ ဒီလိုပဲလုပ်ယူရမှာပဲ။ ဥပမာ- NCA လက်မှတ်ထိုးတယ်။ လက်မှတ်ထိုးတဲ့ အဖွဲ့အစည်း အားလုံးကို မတရားအသင်းကနေ ပယ်ဖျက်ပေးခဲ့တယ်။ ဟိုတုန်းက တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့အစည်း တွေနဲ့ ဆက်ဆံတာသည် ပုဒ်မ ၁၇(၁)နဲ့ငြိတယ်။ NCA ထိုးတဲ့အခါ ဒီဟာကို ဖျက်သိမ်းပေးခဲ့တယ်။ အဲဒီပုဒ်မတွေနဲ့ ဖမ်းဆီးထားတဲ့ အကျဉ်းသားတွေကိုလည်း လွှတ်ပေးခဲ့တယ်။ အဲဒီတော့ အဲဒါမျိုး နိုင်ငံရေးမက်လုံးပေါ့။ အဲဒါမျိုး ကောင်းကောင်းဖန်တီးပေးမှ၊ အဲဒါတောင် ကျွန်တော်တို့ ပျက်ကွက်တယ်။ တကယ်ဆိုရင် လက်မှတ်ထိုးထားတဲ့ ကာလတစ်လျှောက်မှာ အဲဒီငြိမ်းချမ်းတဲ့နေရာတွေမှာ ဖွံ့ဖြိုးတိုး တက်မှုတွေ ဘယ်လောက်ပူးပေါင်းဆောင်ရွက်နိုင်တယ်ဆိုတာကို ပြနိုင်ရင် မထိုးသေးတဲ့ အဖွဲ့တွေက၊ အဲဒီဒေသမှာနေတဲ့ ပြည်သူတွေက စိတ်ဝင်စားလာမှာ။ ဒါကြောင့်မို့လို့ အချိန်မဆွဲနဲ့။ ဒီခေတ်က အရမ်းဒိုင်းနမစ်ဖြစ်တယ်။ ဒီနေ့နဲ့မနက် ဖြန်မတူဘူး။ ဒါကြောင့်မို့လို့ ပြုပြင်ပြောင်းလဲမှုတွေလုပ် ဖို့က ခပ်သွက်သွက် ခပ်မြန်မြန်နဲ့ များများလုပ်ဖို့လိုတယ်။ မဟုတ်ရင် အပ်နဲ့ထွင်းရမယ့်ကိစ္စတွေက ဗုံးကြဲတဲ့ အဆင့် ရောက်သွားမယ်။
TREND ။ ။ရွေးကောက်ပွဲဟာ သူနိုင်ကိုယ်နိုင် အပြိုင်ကြဲရမယ့် ပွဲမဟုတ်ဘူးလို့ ပြောသွားတာ တွေ့ရပါတယ်။ ဒါက ဘယ်လိုအခြေအနေကို ဆိုလိုတာလဲ၊ ဘယ်လို အကျပ်အတည်း စိန်ခေါ်မှု တွေရှိလာနိုင်လဲ။
UKKG ။ ။ အဓိကက နောက်ဖြစ်လာတဲ့ အစိုးရ၊ အာဏာယစ်မူးပြီးတော့ ဇိမ်ခံလို့ရမယ့် အစိုးရ မဟုတ်ဘူး။ ဗြဟ္မာ့ခေါင်းပေါ့၊ ပြဿနာပေါင်းစုံ ခေါင်းခံရမယ့် အစိုးရ၊ တော်တော်မိုက်စိတ်ရှိမှ အဲဒီတာဝန်ကို ယူသင့်တယ်။ အာဏာကို အချောင်ရမယ်ဆိုတဲ့ ပုံစံမျိုးနဲ့ စဉ်းစားလို့မရဘူး။ နောက်ဆုံး ပြောရမယ်ဆိုရင် လက်ရှိ တပ်မတော်အစိုးရလက်ထက်မှာ မာရှယ်လောကြောင့် မပြောရဲမဆိုရဲတာ တွေ အားလုံးဟာ အကယ်၍ အရပ်သားအစိုးရဖြစ်လာရင် အသံတွေညံထွက်လာလိမ့်မယ်။ အရင်တုန်းက မပြောရဲတဲ့ကိစ္စ၊ တောင်းဆိုတာတွေ ပြောတာတွေ ထွက်လာလိမ့်မယ်။ ပြီးတော့ လုံခြုံရေး ပြဿနာကလည်း သေချာတယ်၊ ဆက်ရှိနေဦးမယ်။ စီးပွားရေး ပြဿနာအကျပ်အတည်းတွေကလည်း ဆက်ရှိနေဦးမယ်။ ပြဿနာပေါင်းစုံကို ဖြေရှင်းရတဲ့ အစိုးရ ဖြစ်မှာ။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ နိုင်ငံရေးလုပ်နေတဲ့ကိစ္စဟာ အချိုအချောင်လမ်းကို ရွေးနေတာမဟုတ်ဘူး။ လွယ်မယ်ထင်တဲ့လမ်းကို ရွေးနေတာမဟုတ်ဘူး။ခက် မယ်မှန်းသိရဲ့သားနဲ့ ခပ်မိုက်မိုက်နဲ့ရွေးချယ်ခဲ့တယ်။ ဒါကြောင့် ဖြစ်လာမယ့် အစိုးရသည် ဘက်ပေါင်းစုံက ပြဿနာကိုဖြေရှင်းနိုင်မယ့်၊ ကိုယ်စားပြုနိုင်မယ့်သူတွေ ပါလာ ဖို့လိုတယ်။ ဒီအယူအဆကို ၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင် အစောဆုံးပြောတဲ့အထဲမှာ ကျွန်တော်ပါတယ်။ National Unity Government အခု NUG ပေါ့။ အဲဒါ ကျွန်တော်ရွေးကောက်ပွဲမတိုင်ခင်မှာ ပြောခဲ့တယ်။ တချို့ကပြောတယ်။ ညွန့်ပေါင်းမလိုချင်ဘူးတဲ့၊ ပြိုင်ရင် နိုင်ရမယ်။ ရာခိုင်နှုန်းအပြည့်နိုင်ရမယ်တဲ့။ မဟုတ်ဘူး၊ ကျွန်တော်က နိုင်ခြင်းရှုံးခြင်းကို ပြောနေတာမဟုတ်ဘူး။ ညွန့်ပေါင်းအစိုးရဆိုတာက ဖွဲ့နိုင်တဲ့အမတ်အရေအတွက်မပြည့်လို့ ဟိုလူလာပါ၊ ဒီလူလာပါလို့ စုပေါင်းစပ်ပေါင်းဖွဲ့ရတာ။ Unity Government ဆိုတာက ကိုယ့်ဘာသာ အစိုးရဖွဲ့နိုင်ပေမယ့်လို့ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းနိုင်မယ့် ပုဂ္ဂိုလ်တွေ၊ ပါသင့်ပါထိုက်တဲ့ အစုအဖွဲ့တွေ လူပုဂ္ဂိုလ်တွေကို စုပေါင်းပြီးဖွဲ့စည်းတာ အဲဒါ Unity Government ။ ဒါကြောင့်မို့လို့ အခုလည်း ဒီအယူအဆက လိုအပ်နေတုန်းပဲ၊ ပိုတောင်လိုအပ်နေတုန်းပဲ။ ဒါကြောင့်မို့လို့ ရွေးကောက်ပွဲကို အာဏာငမ်းငမ်းတက်တဲ့ စိတ်မျိုးနဲ့ မချဉ်းကပ်ပါနဲ့၊ ဟိုလူမပါရင်တော့ ငါတော့ အချောင်ရမှာပဲလို့ဆိုတာမျိုးနဲ့ မတွေးပါနဲ့။ ဘာလို့လဲဆိုတာက ဒါက အာဏာလုတဲ့ ပြဿနာ မဟုတ်ဘူး၊ ပြဿနာတွေကို ခေါင်းခံပြီးတော့ ဘယ်လို ဖြေရှင်းမလဲ ဆိုတာကို စဉ်းစားရမယ့် ကိစ္စပဲလို့ မြင်ပါတယ်။
TREND ။ ။ရှမ်းမြောက်ဒေသ အပါအဝင် လက်ရှိ ဖြစ်ပေါ်နေတဲ့တိုက်ပွဲတွေ ဖော်ဆောင်လာမှု တွေအပေါ် ဘယ်လိုမြင်လဲ၊ နောက်ကွယ်က အကြောင်းတရားတွေနဲ့ပတ်သက်ပြီး ဘယ်လိုသုံး သပ်ချင်လဲ။
UKKG ။ ။ အဓိကကတော့ နိုင်ငံရေး ရည်မှန်းချက်တွေရှိသလို အကျိုးစီးပွားပြဿနာတွေရှိတယ်။ ဒါကတော့ စစ်ဖြစ်ပြီဆိုရင် War Economy ဆိုတာ စစ်နဲ့ဆက်စပ်တဲ့ စီးပွားရေးတွေ တစ်ခါတည်းပါလာတယ်။ အဲဒီဒေသတွေက အရင့်အရင် ဗမာပြည်ကွန်မြူနစ်ရဲ့ လက်ထက်ကတည်းက ဗဟိုအစိုးရရဲ့ အာဏာစက်မသက် ရောက်တဲ့နေရာတွေ၊ ပြောရရင်တော့ အသစ်အဆန်းတော့မဟုတ်ဘူး။ ဒီနေရာ တွေဟာ နဂိုကတည်းက ဗဟိုအစိုးရရဲ့ အာဏာစက်မသက်ရောက်ဘူး။ နောက် ဒီ့ထက်နည်းနည်း နောက်ကိုဆုတ်ကြည့်ရင် အင်္ဂလိပ်ခေတ်ကတည်းက ပြည်ပကိုအုပ်ချုပ်တဲ့ ပုံစံကတစ်မျိုး၊ တောင်တန်းဒေသ အုပ်ချုပ်ရေးကတစ်မျိုး ဒီလိုမျိုးဖြစ်ခဲ့တယ်။ အခုလည်း အကိုင်အတွယ်မတတ်ရင် ပြည်မ သက်သက်၊ တောင်တန်းဒေသတွေက သက်သက်ဆိုတာမျိုး ဖြစ်သွားနိုင်တယ်။ ဒါကြောင့်မို့လို့ တပ်မတော်ပိုင်းက ပြောနေရတာက ဆုံးဖြတ်နိုင်တာကလည်း တပ်မတော်ကပဲ ဆုံးဖြတ်နိုင်တာ။ ကျန်တဲ့အဖွဲ့တွေက အုပ်ချုပ်ခွင့် မရစေ ရလို့ ကြွေးကြော်နေတာ၊ သူက အုပ်ချုပ်နိုင်တာ မဟုတ်ဘူး။ အဲဒီတော့ အုပ်ချုပ်နေတဲ့ အုပ်ချုပ်နိုင်တဲ့တာဝန်ရှိတဲ့ အစိုးရက တာဝန်အရှိဆုံး၊ သူကမှန်မှန်ကန်ကန် ဆုံးဖြတ်ချက်ချနိုင်ရင် ခုံးဆင်းကို အရှိန်သတ်နိုင်မယ်။ မဟုတ်ရင် သိပ်အန္တရာယ်ကြီးလို့ ဒါကို တောက် လျှောက် အလေးအနက်ထားပြီး ပြောနေရတာပါ။
နောက်တစ်ချက်ပြောချင်တာက နိုင်ငံတစ်နိုင်ငံရဲ့ ကာကွယ်ရေးမှာ လူတွေကတပ်မတော်ကိုပဲ ရှေ့ တန်းမှာ သွားသွားပြီး မြင်ကြတယ်။ တကယ့် နိုင်ငံတစ်နိုင်ငံရဲ့ကာကွယ်ရေး ရှေ့တန်းမျက်နှာစာက သံတမန်ရေးဗျ။ သံခင်းတမန်ခင်း တားမြစ်နိုင်ရင် စစ်ပွဲစိတ်မဝင်စားဘူး။ အဲဒီတော့ ကျွန်တော်တို့ လိုမျိုး ပထဝီနိုင်ငံရေးအရ နိုင်ငံကြီးတွေကြားထဲမှာ ရပ်နေတဲ့နိုင်ငံက သံတမန်ဆက်ဆံရေး အတိမ်း အစောင်းမခံဘူး။ အဲဒါ နံပါတ်တစ် သတိထားဖို့လိုတယ်။ နောက်တစ်ခုက ဒီလိုမျိုး အိမ်နီးချင်း နိုင်ငံကြီးပေါ့။ လူဦးရေ သန်း ၁၅၀၀ နီးပါးဖြစ်သွားပြီ။ စီးပွားရေးအရရော၊ နည်းပညာအရရော၊ စစ်ရေးအရရော ကမ္ဘာမှာ တကယ့်ကို ထိပ်တန်းနိုင်ငံတစ်နိုင်ငံ ဖြစ်လာတဲ့အချိန်မှာ တရုတ်နိုင်ငံဆက်ဆံရေးဟာ အလေးအနက်ထားကို ထားရမယ်။ ဒါက သံတမန်အရေး၊ နိုင်ငံတကာ ဆက်ဆံရေးအတွက် အဓိက အရေးကြီးတဲ့ကိစ္စ။နောက်တစ်ခုက နားလည်ထားဖို့တစ်ခုက နိုင်ငံတိုင်းဟာ ကျွန်တော်တို့ နိုင်ငံမှာလာနေတဲ့ သံတမန်အားလုံးဟာ သူ့နိုင်ငံအကျိုးစီးပွားကို ကိုယ်စားပြုပြီးလာနေတာ။ ကျွန်တော်တို့ နိုင်ငံကလည်း ကျွန်တော်တို့ နိုင်ငံရဲ့ အကျိုးစီးပွားကိုပဲ ပဓာနထားပြီးတော့ စဉ်းစားရတယ်။ ဒါအရေး ကြီးတယ်။ နောက်တစ်ခုက မီးရှိမှ မီးခိုးထွက်တာ။ ပြည်တွင်းမှာ ပြည်တွင်းနိုင်ငံရေးပြဿနာတွေကို ကိုယ့်ဘာသာဖြေရှင်းနိုင်ရင် ဘယ်နိုင်ငံမှ ဝင်စွက်ဖက်လို့မရဘူး။ လောင်စာက ကိုယ့်ဘာသာစုထားတာ၊ ကိုယ်မဖြေရှင်းနိုင်တဲ့ ပြဿနာ။ ဒါကြောင့်မို့လို့ လွယ်လွယ်လေးနဲ့ ဘယ်သူ့ကြောင့် ဘယ်ဝါကြောင့်လို့ သွားပြီးတော့ စွပ်စွဲတာ၊ တံဆိပ်ကပ်တာဟာ နိုင်ငံတကာသံတမန်ဆက်ဆံရေးအတွက် အင်မတန် အန္တရာယ်ကြီးတယ်။ အကဲဆတ်တယ်။ ဒါကြောင့်မို့လို့ နှစ်နိုင်ငံကြားမှာ ကိုယ့်ရဲ့ Deplomacy ပေါ့၊ တိုးတိုးတိတ်တိတ် သံတမန်ခင်း ဆက်ဆံရေးရှိတယ်။ နောက်တစ်ခုကတော့ စီးပွားရေးဆိုင်ရာ သံတမန်ခင်း ဆက်ဆံရေးတွေရှိတယ်။ နောက်တစ်ခုကတော့ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေးတွေရှိတယ်။ အဲဒါတွေကိုလည်းပဲ ရှုထောင့်ပေါင်းစုံကနေ ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ်နိုင်ဖို့လိုတယ်။ အဓိကကတော့ ကိုယ့်ပြဿနာ ကိုယ်ရှင်း၊ ကိုယ့်ပြဿနာ ကိုယ်မရှင်းနိုင်တဲ့အခါ ကိုယ့်လူကြောင့်၊ ဒီလူ့ကြောင့်ဆိုပြီးတော့ ပြောတဲ့ကိစ္စက နောက်ထပ် ပြဿနာအသစ်တစ်ခု ထပ်ပြီး ဖန်တီးတာပဲ။ ဒါကြောင့်မို့လို့ လက်ရှိ တိုင်းရင်းသားပြဿနာကို နိုင်ငံရေးအရ ဘယ်လိုဖြေရှင်းမလဲဆို တာ အဲဒါ ကိုယ့်ပြဿနာ ကိုယ့်ဘာသာဖြေရှင်း၊ အကူအညီလိုရင်တောင်းပေါ့။ အိမ်နီးချင်းနိုင်ငံတွေက အကူအညီလိုတယ်။ ဒါမှမဟုတ် အခြားဒီမိုကရေစီနိုင်ငံတွေကနေပြီးတော့ နည်းပညာအကူအညီ၊ ဘဏ္ဍာရေးအကူအညီ၊ ငြိမ်းချမ်းရေးလုပ် ငန်းစဉ်အတွက် ထောက်ပံ့တာတွေ အဲဒါတွေကို တောင်း လို့ရတယ်။ သို့သော် ကာယကံရှင်ကိုယ်တိုင်က၊ ကျွန်တော်တို့ကိုယ်တိုင်က မှန်မှန်ကန်ကန် လမ်း ကြောင်းရွေးချယ်နိုင်မှ၊ ဆုံးဖြတ်နိုင်မှ ပြဿနာတွေကို ဖြေရှင်းနိုင်မယ် လို့မြင်တယ်။
TREND ။ ။ တိုင်းရင်းသားတွေက သူတို့ရဲ့ နိုင်ငံရေးရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့ ဒီအကျပ်အတည်းမှာ အကောင်အထည်ဖော်ဖို့ သူတို့ရဲ့ Argenda နဲ့ ကြိုးပမ်းလာတာဆိုတော့ စောစောက သုံးသပ်ထားတာ တွေ့ရပါတယ်။ ဒီပြဿနာကို ဘယ်လို ကိုင်တွယ်ဖြေရှင်းသင့်လဲ။
UKKG ။ ။ တည့်ပြောရရင်တော့ ဒါဗမာပြိုကွဲတဲ့အခြေအနေပေါ့။ ၄၉ ရန်ကုန် အစိုးရလက်ထက်တုန်းက လွတ်လပ်ရေးရတာက ပူပူနွေးနွေးလေးလည်းဖြစ်တော့ အားလုံးက ပြိုကွဲမှာကြောက်တယ်။ နောက်ဆုံး ပြောရရင် စစ်သားမဟုတ်တဲ့သူတွေတောင် အပျော်တပ်တွေကို အဲဒီအချိန်တုန်းက အလုံးအရင်းနဲ့ဝင်တာ။ တပ်သားသစ်စုစောင်းတယ်ဆိုပြီးတော့ ခေါ်တာမဟုတ်ဘူူူး။ ကိုယ့်အသိစိတ်ဓာတ်နဲ့ကိုယ် ဝင်ကြတယ်။ အဲ့ဒီအချိန်တုန်းက ဦးနုက လူထုရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရဖြစ်နေတော့ သံတမန်ဆက်ဆံရေးလည်း အားကောင်းတယ်။ လူထုထောက်ခံမှုလည်းရှိတယ်။ နောက်ဆုံး အပျော်တပ်တွေ တစ်ခါတည်းဝင်ပြီးတော့ တပ်မတော်နဲ့ ပူးပေါင်းတိုက်တာ တချို့လည်း တပ်ထဲကိုအပြီး ဝင်သွားကြတယ်။ အဲဒီတော့ အပျော်တပ်သားတွေကတစ်ဆင့် တပ်မတော်အရာရှိတွေ ဖြစ်သွားကြ တာတွေလည်း ရှိခဲ့တယ်။ အဲဒီကာလက အားလုံးက ပြိုကွဲမှာ ကြောက်ကြတယ်။ အခုကတော့ liberal ideology တွေလည်း ဝင်လာတယ်။ တပ်မတော်ကို အမြင်မကြည်တာတွေ ရှိလာတယ်ပေါ့။ အဲဒီအချိန်မှာ ရှေ့တန်းရောက်နေတဲ့ တပ်မတော်သားတွေအနေနဲ့ကလည်း အုပ်ချုပ် ထောက်ပံ့မှုတွေကအစ လိုအပ်ချက်တွေရှိနေတယ်။ တစ်ခါမှမကြုံဖူးတဲ့ စခန်းအတိုက်ခံရတာတွေ ကြုံခဲ့ရတယ်။ ဒါတွေက တော့ ကျွန်တော်တို့က တော်တော်စိုးရိမ်တယ်။ ဒီလို အခြေအနေမျိုးမှာ ပြည်ပရန်ဆိုရင် ဘယ်လို လုပ်မလဲ။ ဒါကြောင့်မို့လို့ တပ်မတော်အင်အားရှိ ဖို့ဆိုတာ ပြည်သူ့အင်အားရှိဖို့လိုတယ်။ ပြည်သူယုံ ကြည်ဖို့လိုတယ်။ အဲဒါ နိုင်ငံရေးပါ။ အဲဒီတော့ တပ်မတော်က စစ်ရေးအမြင်နဲ့ လုံခြုံရေး ရှုထောင့်က ချည်းပဲ နေရာတကာ အလေးပေးလွန်းအားကြီးရင်၊ အကဲပေးလွန်းအားကြီးရင် နိုင်ငံရေးက နိမ့်သွား မယ်။ ကျွန်တော် တပ်ချုပ်နဲ့ တွေ့ဆုံစဉ်တစ်ခု ထောက်ပြပြီး တင်ပြခဲ့တယ်။ ဗီယက်နမ်စစ်ပွဲမှာ အမေရိကန်က စစ်ရှုံးတာမဟုတ်ဘူး။ နိုင်ငံရေးရှုံးတာ။ ဗီယက် နမ်စစ်မြေပြင်မှာ ရှုံးတာမဟုတ်ဘူး။ သူ့နိုင်ငံထဲမှာ ရှုံးသွားတာ။ သိပ်သင်ခန်းစာယူဖို့ကောင်းတယ်။ ဒါကြောင့်မို့လို့ တပ်မတော်ခေါင်း ဆောင်တွေအနေနဲ့ နိုင်ငံရေးနားလည်တဲ့ တပ်မတော်အရာရှိတွေလည်း ရှိပါတယ်။ နိုင်ငံရေးအား ကောင်းတဲ့သူတွေရဲ့ အကြံဉာဏ်လိုတယ်။ ပူးပေါင်းဆောင်ရွက်မှုတွေလိုတယ်။ အဲဒီလို မဟုတ်ဘဲနဲ့ စစ်ရေးအသားပေးတဲ့ ဖြေရှင်းမှုမျိုးနဲ့တော့ ဒီပြဿနာကို မဖြေရှင်းနိုင်ဘူး။
TREND ။ ။ အပစ်အခတ်ရပ်စဲ လုပ်ငန်းစဉ်တွေမှာ ပါဝင်လုပ်ဆောင်ခဲ့ဖူးသူ တစ်ဦးအနေနဲ့ လက်ရှိ လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေးကို ဘယ်လိုနည်းလမ်းတွေနဲ့ သွားမှရမယ်လို့ထင်လဲ၊ အကြံပြုပြော ကြားပေးပါဦး။
UKKG ။ ။ အဓိကကတော့ ကျွန်တော်လည်း တောက်လျှောက်ဖြတ်သန်းခဲ့တဲ့ အခါကျတော့ နိုင်ငံရေး လိုက်လျောမှုက တစ်ဖက်က တောင်းဆိုမှုနဲ့ နှိုင်းယှဉ် လိုက်ရင် သိပ်နည်းလွန်းတယ်။ နောက်တစ်ခုက အစိုးရနဲ့တပ်မတော်နဲ့ ပူးပေါင်းဆောင်ရွက်မှုက အားနည်းတယ်။ ဦးသိန်းစိန်လက်ထက်မှာ NCA ထိုးနိုင်တယ်ဆိုတာက တပ်နဲ့ အဲဒီအချိန်က အစိုးရ၊ လွှတ်တော်နဲ့က နီးစပ်တယ်။ NLD လက်ထက်မှာ တပ်မတော်နဲ့ ဆက်ဆံရေးကမကောင်းဘူး။ ငြိမ်းချမ်းရေးဆိုတာ တပ်မတော်မပါဘဲနဲ့မရဘူး။ အဲဒါကို အရှိအတိုင်းလက်ခံဖို့လိုတယ်။ တစ်ဖက်က တပ်ရဲ့စိုးရိမ်ကြောင့်ကြမှုရှိရင်လည်းပဲ လေးလေးနက်နက် နားထောင်ပေးဖို့လိုတယ်။ လက်နက်ကိုင်တွေဘက်ကလည်း လိုချင်တာတွေချည်းပဲ ပြောမယ့်အစား သူဘာကြောင့် မလိုက်လျောနိုင်သလဲ၊ သူဘာကိုစိုးရိမ်နေသလဲဆိုတာကို နားလည်အောင် ကြိုးစားရ မယ်။ ဘာကိုစိုးရိမ်တာလဲ၊ ဖြေရှင်းတဲ့နည်းလမ်းရှိတယ်။ အခုဟာက ဘာတွေလိုချင်တယ်ဆိုတာကိုပဲ တောင်းဖို့၊ ညှိဖို့ကြိုးစားနေကြတာ။ ကျွန်တော် သဘောအရပြောရရင် ဘာကိုစိုးရိမ်နေတာလဲ၊ ခင်ဗျား စိုးရိမ်တာပြော၊ ကျွန်တော်လည်း ဝိုင်းဖြေရှင်းမယ်။ ကာလတစ်ခု အဲဒါကို ကျွန်တော်တို့လက်တွဲပြီး လုပ်ကြည့်ပါ၊ မရဘူးဆိုရင် ပြောင်းမယ်၊ ပြင်မယ်။ အဲဒါမျိုး တစ်ဆင့်ပြီးတစ်ဆင့် သွားဖို့လိုတယ်။ အဲဒီလို မဟုတ်ဘဲနဲ့ ဆိုပါတော့ ခွဲထွက်ခွင့်မရှိစေရဆိုတာကို အရင်လက်မှတ်ထိုး ရမယ်ဆိုတော့ ပြဿနာ စတက်တာပဲ။ အမှန်က ပကတိ တရားအရပြောရရင် ခွဲထွက်ခွင့်ရှိသည်လို့ ခင်ဗျားလက် မှတ်ထိုးထား။ ခွဲထွက်နိုင်တဲ့ အင်အားမရှိရင် ခွဲထွက်လို့မရဘူး။ ခွဲထွက်ခွင့်မရှိပါလို့ လက်မှတ်ထိုးထားပြီးတော့ ခွဲထွက်နိုင်တဲ့အခြေအနေရောက်လာရင် အင်အားရှိလာရင် တားလို့မရဘူး။ သူ့ကချမှာ။ ဆိုတော့ ကျွန်တော်တို့က စကားလုံးတွေနဲ့ ပိတ်မိနေတဲ့ ပြဿနာ၊ အဲဒါကို ကျော်ဖို့လိုတယ်။ ဖောက်ထွက်ဖို့လိုတယ်။ ကျွန်တော့် သဘောဆိုရင်တော့ ခွဲထွက်ရှိသည်လို့လည်း မရေးနဲ့၊ ခွဲထွက်ခွင့် မရှိဘူးလို့လည်း မတောင်းဆိုနဲ့။ အဲဒီစကားလုံးကို သုံးကိုမသုံးနဲ့။ ကျွန်တော် နမူနာပေးဖူးတယ်။ အမေရိကန်ဖွဲ့စည်းပုံရဲ့ နိဒါန်းဟာ ပို၍ပို၍ ပြည့်စုံကောင်းမွန်သော ပြည်ထောင်စုကြီး တည်ဆောက်ရန် အလို့ငှာ၊ မကောင်းဘူးလား။ ပြည်ထောင်စုကြီးတည် ဆောက်မယ်ဆိုတာ တစ်ထိုင်တည်းနဲ့ မပြီးဘူး။ သူက Process တစ်ဆင့်ပြီး တစ်ဆင့်သွားရမယ်။ အမြဲတမ်း ကြိုးစားနေရမယ်။ တစ်ထိုင်တည်းနဲ့တော့ မပြီးဘူး။အဲဒီ ထဲမှာ ခွဲထွက်ခွင့်လည်းမပါဘူး။ ခွဲထွက်ခွင့်မရှိရဆိုတာလည်း မပါဘူး။ အဲဒီစကားလုံးနဲ့ တိုင်ပတ်မနေ တော့ဘူး။ ဆိုတော့ အဲဒါမျိုးတွေ သွားပြီးလုပ်မယ်ဆိုရင် တစ်ဖက်ကလည်း သူတို့ကို အနိုင်ကျင့် တယ်လို့ခံစားကြမယ်။ဘာအခွင့်အရေးမှလည်း မပေးဘူး။ ဘာမှလည်း အာမခံချက်မရှိဘူး။ ဒါကြီးကို အရင်လက်မှတ်ထိုးရမှာလားဆိုတော့ မထိုးဘူးလို့ ဖြစ်နေမယ်။ ၂၀၀၈ ထဲမှာလည်း ရေးထားပြီးသားပါ။ အဲဒါကို ထပ်ခါတလဲလဲ နားမခံတဲ့ စကားလုံးတွေကို အတင်းအကျပ် အနိုင်ကျင့်တဲ့ပုံစံမျိုး မဖြစ်ဖို့လိုမယ်။ တစ်ဖက်ကကျတော့ လက်တွေ့ကျတဲ့ ပြုပြင်ပြောင်းလဲမှုတွေမလုပ်ရင် နိုင်ငံရေးမှာ Risk ရှိတယ်။ ဒါလုပ်လိုက်ရင် ဒီလို အန္တရာယ်ဖြစ်လာနိုင်တယ်။ ဟုတ်ပြီ ဖြစ်လာနိုင်တယ်ဆိုတာသိရင် အဲဒါကို ဘယ်လိုလျှော့ချနိုင်မလဲ။ ဘယ်လို Risk Management ခေါ်တာပေါ့။ အန္တရာယ်ကို ဘယ်လို စီမံခန့်ခွဲမလဲဆိုတာကို စဉ်းစားဖို့လိုတယ်။ အဲဒီ Risk ကိုရှောင်လိုက်ရင် အခွင့်အလမ်းတွေပါ ဆုံးရှုံးသွားမယ်။ သူက Risk နဲ့ Opportunity ဆိုတာ တွဲနေတာ။ အန္တရာယ်နဲ့အခွင့်အလမ်းဆိုတာ အမြဲတမ်းတွဲနေတာ။ အဲဒီ အန္တရာယ်ကို ကြောက်လို့ပုတ်ချလိုက်ရင် အခွင့်အလမ်းပါ ပါသွားရော။ ဒါ ကျွန်တော်တို့တစ် လျှောက်လုံး ကြုံနေရတဲ့ ပြဿနာကအဲဒါပဲ။ အခုလည်း နိုင်ငံရေးပါတီလုပ်တယ်။ Risk ရှိတာပဲ။ အခန့်မသင့်ရင် ဘယ်သူက ဘာလုပ်သွားမှန်း တောင်မသိနိုင်ဘူး။ သို့သော် အဲဒါကြီးကို ကျွန်တော် ရှောင်လိုက်ပြီဆိုရင် ပြည်တွင်းမှာ နိုင်ငံရေးအသံထွက် မယ့်သူမရှိသလောက်ဖြစ်နေပြီ။ ကျွန်တော်ကတော့ မိုက်မိုက်ကန်းကန်းကို လုပ်နေတာ။ ကျွန်တော်သာ အန္တရာယ်ကိုကြောက်လို့ မလုပ်တော့ဘူး ဆိုရင် ကျွန်တော့်အတွက် သက်သာပါတယ်။ အေးအေးဆေးဆေးနေ လို့ရတယ်။ ဒါပေမဲ့ နိုင်ငံရေးသမား တစ်ယောက်ဟာ ကိုယ့်ယုံကြည်ချက်၊ ကိုယ့်ရပ်တည်ချက်နဲ့ကိုယ် လွယ်လွယ်ကူကူနဲ့ လက်လျှော့စွန့်လွှတ်လိုက်တယ်ဆိုတာမျိုး အဖြစ်မခံဘူး။ အဲဒီလိုပဲ တပ်မတော် အကြီးအကဲတွေအနေနဲ့ အပြောင်း အလဲလုပ်ရင် Risk ကရှိတယ်။ အန္တရာယ်ရှိတယ်။ အဲဒီ Risk နဲ့အတူ အခွင့်အလမ်းတွေတစ်ခါ တည်းပါလာမယ်။ Opportunity ဆိုတာ တွဲပါလာပါလိမ့် မယ်လို့ ပြောလိုပါတယ်။
TREND ။ ။ အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ညီသစ်၊ ကွန်းဈာန်
( TREND News ဂျာနယ် အတွဲ(၃)၊ အမှတ်(၄) တွင်ပါရှိသော အင်တာဗျုးအား တဆင့်ပြန်လည် မျှဝေခြင်းဖြစ်ပါသည်။ )